နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့ မီဒီယာများနှင့်တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့ မီဒီယာများနှင့်တွေ့ဆုံ

Thu, 08/06/2020 - 10:35
Posted in:
0 comments

နေပြည်တော် ဩဂုတ် ၅

အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ယမန်နေ့နှင့် ယနေ့တို့တွင် ကျင်းပခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသွားသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က မီဒီယာများနှင့် တွေ့ဆုံပြီး အစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ၎င်းတို့၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့သည်။

တူညီချက် ၁၄ ချက်

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အစိုးရနဲ့ NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အလုပ်အဖွဲ့အကြား (၇)ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို မနေ့ကတည်းက ကျင်းပတာ ဒီနေ့မနက်ပိုင်း မှာ ပြီးသွားပါပြီ။ အစည်းအဝေးရလဒ်က Union Accord ရဲ့ အပိုင်း (၁)၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက် အားလုံးပေါင်း ၁၄ ချက် ရပါတယ်။ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိ တာက တစ်ချက်ပဲ ကျန်ပါတယ်။ ဒါကလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်တဲ့အပိုင်းဖြစ်တယ်။ နောက်ပြီး Union Accord ရဲ့ အပိုင်း (၂)၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်၊ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့ ပတ်သက်လို့ ဇယား(၁)ကတော့ ကျွန်တော်တို့ဆီမှာ ရပြီးသွားပါပြီ၊ ဇယား(၁)က အဆင့်လိုက်သွားမယ့် အဆင့်တွေဖြစ်တယ်။ ဒီအပေါ်မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေ၊ အကောင်အထည်ဖော်မယ့် ဟာတွေကို ကျွန်တော်တို့ Single Test လုပ်ထားတဲ့ ခေါင်းစဉ်ကြီး ရှစ်ခု ပါပါတယ်၊ ပြီးရင်တော့ ဇယား(၂) ရှိတယ်။ ဇယား(၂)ကတော့ အဆင့်သုံးဆင့်မှာ အဆင့်လိုက်အဆင့်လိုက် ဘယ်လိုသွားမယ် ဆိုတဲ့ အသေးစိတ်တွေကို ညှိနှိုင်းနေဆဲ ဖြစ်တယ်။ အဲဒါတော့ ဆက်ပြီးတော့ ဆွေးနွေးဖို့ ရှိပါမယ်။

နောက်တစ်ခုကတော့ Union Accord ရဲ့ အပိုင်း (၃) ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကြားမှာ သဘောတူညီချက် နှစ်ချက်ရရှိထားပါတယ်။ ဆက်လက် ဆွေးနွေးဖို့က ငါးချက် ကျန်ရှိနေပါတယ်။ နောက်တစ်ချက်ကတော့ ဒီကနေ့ အစည်းအဝေးကနေ ပြည်ထောင်စု သဘောတူ စာချုပ်ကို ချုပ်ဆိုတဲ့အခါ ဘယ်လိုချုပ်မလဲဆိုတဲ့ စာချုပ်ပုံစံနဲ့ ပတ်သက်လို့လည်း ဒီကနေ့ အစည်းအဝေး ကနေ အလုပ်အဖွဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီအလုပ်အဖွဲ့ကနေ ဆက်ပြီးတွေ့မယ်၊ ပြီးရင် လာမယ့်ဩဂုတ်လ ၁၀၊ ၁၁ မှာ JICM အကြိုညှိနှိုင်း အစည်းအဝေး လုပ်မှာဖြစ်ပါတယ်။ ပြီးရင် JICM အစည်းအဝေးကို ၁၃ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်” ဟုပြောသည်။

ယင်းနောက် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးက “ဒီနေ့ အစည်းအဝေး ရလဒ်က ကောင်းပါတယ်လို့ ပြောရမယ်။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးဖို့ဆိုရင် အပိုင်း (၁) မှာ မရှိတော့ပါဘူး။ အပိုင်း(၂) နဲ့ အပိုင်း(၃)မှာပဲ ဆက်လက်ဆွေးနွေးဖို့ အနည်းငယ်ပဲရှိပါတော့တယ်။ အခု ဆက်လက်ဆွေးနွေးဖို့ ကျန်တာကို မနက်ဖြန်နဲ့ သန်ဘက်ခါ PPST ခေါင်းဆောင် တွေ နေပြည်တော်လာပြီး အစည်းအဝေးထိုင်မယ်။ ကျွန်တော်တို့ ရရှိထားတဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပြီးတော့ PPST ခေါင်းဆောင်တွေကနေပြီး ဘယ် လမ်းညွှန်ချက်တွေ ဆက်ပေးနိုင်မလဲဆိုတာ ပြန်ပြီးတော့ နားထောင်မယ်၊ နောက်ပြီး အကြို JICM ကို လာမယ့် ဩဂုတ် ၁၀၊ ၁၁ ရက်တွေမှာ ပြန်လုပ်မယ်။ အဲဒါဆိုရင် ကျွန်တော်တို့က အပြီးသတ်ရရှိပြီ။

ကျွန်တော်တို့က နိုင်ငံတော်အပေါ် တောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်သေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ ပြောထား ပါတယ်။ ဒါကိုလည်း နိုင်ငံတော်က ဖိတ်ပေးပါ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် AA ကလွဲပြီး ကျန်တဲ့ ၇ ဖွဲ့ကို ဖိတ်ကြားပေးပါ့မယ်လို့ ဒီနေ့ အစည်းအဝေးမှာ တရားဝင်ပြောခဲ့ပါတယ်။ သို့သော် ထိပ်သီးခေါင်းဆောင်က ကိုယ်စားလှယ် လွှတ်လို့မရပါဘူး၊ ထိပ်သီး ခေါင်းဆောင်ကိုယ်တိုင် တက်မယ်ဆိုရင် တက်လို့ရပါတယ်ဆိုပြီးတော့ နိုင်ငံတော်ကနေတစ်ဆင့် ဖိတ်ကြားပေးသွားမှာပါ။ ကျန်တာကတော့ ကျွန်တော်တို့ JICM အစည်းအဝေးမှာပဲ အဖြေကောင်းကောင်း ထွက်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟုပြောသည်။

ယင်းနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လက်မှတ်မထိုးရ သေးတဲ့အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားပါမယ်။ တချို့အဖွဲ့အစည်းတွေကို ဥပဒေအရ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတဲ့ အတွက် ဖိတ်ကြား နိုင်မှာ မဟုတ်ပါဘူး။ ဖိတ်တဲ့အခါမှာ လက်မှတ်ထိုးပြီးသား အဖွဲ့တွေကို ညီလာခံတက်ရောက်ဖို့အတွက် ထိပ်သီး ခေါင်းဆောင် နှစ်ယောက်စီ ဖိတ်ကြားမှာဖြစ်သလို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ထိပ်သီး ခေါင်းဆောင်နှစ်ယောက်စီ ဖိတ်ကြား မယ်။ ဖိတ်ကြားတဲ့အခါမှာလည်း လူစားထိုး တက်ရောက်ခွင့်မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင် တက်ရပါမယ်။ အနိုင်ရနိုင်ငံရေးပါတီ ၂၁ ပါတီရှိတယ်။ ဒီပါတီတွေကိုလည်း ခေါင်းဆောင်နှစ်ယောက်စီ ဖိတ်ကြားမယ်။ သူတို့ကိုလည်း အစားထိုး တက်ရောက်ခွင့်မရှိဘူးဆိုတဲ့ ပုံစံနဲ့ ဖိတ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက CSO Forum က အဖွဲ့တွေကိုလည်း ငါးယောက် ဖိတ်ဖို့လျာထားတယ်။ ကျန်တာ ကတော့ ယခင်ညီလာခံတွေမှာ ဖိတ်ကြားခဲ့တဲ့ လေ့လာသူတွေကို COVID ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်တဲ့အတွက် ဒီညီလာခံမှာ ဖိတ်ကြားမှာ မဟုတ်ဘူး။

အဓိကကတော့ လာမယ့် ၁၃ ရက်နေ့မှာ JICM လုပ်မယ်။ UPDJC ကို ကျွန်တော်တို့က ၁၇ ရက်မှာ ခေါ်ထားတယ်။ ဒီမတိုင်ခင် မှာလည်း ၁၄ ရက်မှာ နိုင်ငံရေးပါတီအစုအဖွဲ့ကို ရှင်းပြမယ်။ UPDJC အတွင်းရေးမှူး အစည်းအဝေးက ၁၅ ရက်နေ့ ဖြစ်မယ်။ ပြီးရင် ညီလာခံကို ၁၉၊ ၂၀၊ ၂၁ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ညီလာခံမတိုင်ခင်မှာ UPDJC အစည်းအဝေး တစ်ကြိမ် လုပ်မယ်။ ဒီ JICM က သဘောတူလိုက်တာတွေကို UPDJC မှာ ထပ်ပြီးတော့ ကျွန်တော်တို့က အတည်ပြုမယ်။ အဲဒီမှာလည်း ကျွန်တော်တို့က စာချုပ်ပုံစံအတည်ပြုမယ်။ သဘောတူညီချက်တွေ အတည်ပြုမယ်။ ပြီးရင် ဘယ်လို Signing လုပ်မလဲဆိုတာ တွေ ဆွေးနွေးပြီးအတည်ပြုမှာဖြစ်တယ်။ အထူးသဖြင့်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ရတာက UPDJC ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ EAO ကြားမှာ Deadlock ဖြစ်သွားတယ်။ Deadlock ဖြစ်သွားတဲ့ အတွက် JICM က ပြန်စရတဲ့ သဘောဖြစ်သွားတယ်” ဟုပြောသည်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေး ကျင်းပရန် လျာထားမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ညီလာခံက ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။ ပထမနေ့က ယခင် ညီလာခံတွေနည်းတူ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီး သက်ဆိုင်တဲ့ ခေါင်းဆောင်တွေက မူဝါဒမိန့်ခွန်းပြောကြားမယ်။ မွန်းလွဲပိုင်းမှာ UPDJC အတွင်းရေးမှူး အစည်းအဝေး လုပ်မယ်။ ဒုတိယနေ့မှာ UPDJC အစည်းအဝေးဆက်လုပ်မယ်။ တတိယနေ့မှာ Signing Ceremony လုပ်မယ်။ ပြီးရင် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃)ပေါ့၊ ပြီးခဲ့တဲ့ (၈)ကြိမ်မြောက် JICM ကဆုံးဖြတ်လိုက်တာ ကို (၉)ကြိမ်မြောက်မှာ အတည်ပြုမယ်။ အတည်ပြုပြီးသွားရင် ညီလာခံကို ဆက်သွားမယ်။ UPDJC အစည်းအဝေး ညီလာခံ မတိုင်ခင် (၁) ကြိမ်၊ ညီလာခံ ကာလအတွင်း (၁)ကြိမ်၊ ပေါင်း (၂)ကြိမ် လုပ်ပါမယ်” ဟုပြောသည်။

နှစ်ဖက်ညှိနှိုင်း

ဆက်လက်၍ ဦးဇော်ဌေးက “ယခင်က Deadlock ဖြစ်ခဲ့တဲ့ အနေအထားထက် ပိုပြီးတော့ပျော့ပျောင်း ညင်သာတဲ့ ဖြေရှင်းချက် မျိုးကို နှစ်ဖက်ညှိနှိုင်း နေတယ်။ တချို့အပိုင်းတွေမှာလည်း စိုးရိမ်မှုတွေရှိတယ်။ စိုးရိမ်မှုတွေကိုလည်း ဒီနေ့ အစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ဥပမာ လာမယ့် ပြည်ထောင်စု သဘောတူစာချုပ်မှာ ချုပ်ဆိုမယ့် သဘောတူ စာချုပ်ရဲ့ အနေ အထားက ဘာလဲဆိုတော့ ၂၀၂၀ အလွန်အဆင့်လိုက် သွားမယ့် ပုံစံကအဓိက ကျတယ်။ ပြီးရင် အပိုင်း(၃)ဖြစ်တဲ့ Guiding Principle ကလည်း အဓိက ကျတယ်။ NCA ကိုအကောင်အထည်ဖော်တဲ့ အခါမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ကို ကျော်လွှားဖို့က အပိုင်း(၁) ဖြစ်တယ်။ ဒါကတော့ စာချုပ်ချုပ်ပြီးသွားရင် ရွေးကောက်ပွဲပြီးလို့ နောက်တက်လာမယ့် ဘယ်အစိုးရလက်ထက်မှာပဲ ဖြစ်ဖြစ် ဆက်သွားနိုင်မယ့် Blue Print တစ်ခုရှာသွားမယ်။

ဘယ်အစိုးရပဲတက်တက် ဒီပုံစံနဲ့ အဆင့်လိုက်သွားတဲ့ ပုံစံဖြစ်သွားမယ်။ ဘာကြောင့်လဲဆိုတော့ ပြန်သုံးသပ်တာက ပြီးခဲ့တဲ့ ညီလာခံ (၃)ကြိမ်လုပ် ခဲ့တယ်။ သဘောတူညီချက် ဖက်ဒရယ်မူ၊ အခြေခံမှုတွေ (၅၁) ချက်ရတယ်။ သို့သော် ဒီ (၅၁) ချက်က အကောင်အထည်ဖော်လို့ ရပြီလားဆိုတော့ မရသေးဘူး။ သဘောတူ စာချုပ်ထဲမှာတော့ ရှိနေတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း အတည်ပြုထားပြီးဖြစ်တယ်။ သို့သော် အကောင်အထည်ဖော်ဖို့ ခက်နေတယ်။ သဘောတူညီချက် တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာကဏ္ဍတွေမှာ အပိုင်းလိုက် အပိုင်းလိုက် သဘောတူထားတယ်။ သို့သော် ဒါတွေ အကောင်အထည်ဖော်ဖို့က အခက်အခဲရှိတယ်။ မပြည့်စုံသေးတဲ့ သဘော တူညီချက်တွေ ဖြစ်နေတယ်။ ဒါကြောင့် အခုလုပ်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်က လုပ်ငန်းစဉ်တစ်ခုချလိုက်ပြီ။ အဲဒီပေါ်မှာညှိနှိုင်းပြီးတော့ အဆင့် သုံးဆင့်နဲ့သွားမယ်။ ဟိုဘက်က Phase သုံးခုနဲ့ ကျွန်တော်တို့သွားမယ်။

သဘောတူညီချက်တစ်ခုရလိုက်ပြီဆိုရင် ကျွန်တော်တို့က technically ဆက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတာ ဆွေးနွေးမယ်။ သဘောတူညီချက်ရတာနဲ့ အကောင်ထည်ဖော်သွားမယ်။ ဆိုလို တာက ဖက်ဒရယ်တည်ဆောက်ရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးက လုပ်ငန်းစဉ် တစ်ခု Long Term Process ဖြစ်တယ်။ ဒီ process ကို တဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်ဆိုတာကို အားလုံးကလက်ခံတယ်။ ချက်ချင်းကြီးနေ့ချင်း၊ ညချင်းမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ခိုင်မာတဲ့ အဆင့်တော့ ရောက်ဖို့မလွယ်ဘူး။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းသွားရ မယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တစ်ဆင့်ပြီး တစ်ဆင့်ပြင်သွား တဲ့ပုံစံဖြစ်ပြီး ပြင်ရင်းနဲ့ ပြည်နယ်တွေမှာ အခြေခံဥပဒေတွေ ရေးဆွဲခွင့်ရလာ မယ်။ အဲဒီအပိုင်းမှာလည်း ဆက်ပြီး ဆွေးနွေးရင်းနဲ့ တစ်ဖက်ကလည်း နိုင်ငံရေး အပိုင်း၊ တစ်ဖက်ကလည်းလုံခြုံရေးအပိုင်းဆိုပြီး ဒီလိုဟန်ချက်ညီသွားဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့ မျှော်မှန်းတာက ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်၊ အဆင့်လိုက်အကောင်အထည်ဖော်မှုက ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်အစိုးရ တက်လာတက်လာ အသင့်ရှိနေတယ်။ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားနိုင်တယ်။ တစ်ဆင့်ပြီး တစ်ဆင့်လည်း သွားနိုင်မယ့်ပုံစံလေး ကို ကျွန်တော်တို့ နှစ်ဖက်က ကြိုးပမ်းနေတာဖြစ်တယ်” ဟုပြောသည်။

 

Related Articles